Monday, August 20, 2007

Return MDY007

PassWord ပျောက်တဲ့ အခက်အခဲလေးတော့ ကျော်လွန်ခဲ့ပါပြီ လူလဲနဲနဲ ကြောင်ချင်သလိုလို ဖြစ်သွားခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ ပြန်လည်ရောက်ရှိလို့ လာပါပြီ အချိန်တွေ အကုန်ခံပြီး အားပေးကြတာကို ကျေးဇူး အထူး တင်ရှိပါတယ်။ ကျွန်တော်တို့ ဂျာနယ်လေးကို ယခင်က အပါတ်စဉ် ထုတ်ဝေရန် စီစဉ်ခဲ့သော်လည်းပဲ။ အဖွဲ့သား များတွေ့ဆုံနိုင်မှု အနည်းငယ် အားနည်းသည့်အတွက် လစဉ် (၁၅)ရက်နေ့နှင့် လကုန်ရက်တိုင်း ပြန်လည် ထုတ်ဝေသွားမှာဖြစ်ပါတယ်။ အပတ်စဉ်ထုတ်ဝေရန်မှာ အလျှင်စလို စီစဉ်ရမည်ဖြစ်သဖြင့် အရည်အသွေး ညံ့ဖျင်း ခဲ့ရခြင်းကို များစွာတောင်းပန်အပ်ပါသည်။ ပရိသတ်အပေါ် ရိုးရှင်းစွာဖြင့် အကောင်းဆုံး ပေးဆပ်ရန် အေးမြသော ရယ်စရာ များကို ဆက်လက် စီစဉ်ထားပါသည်။ အားပေးကြသူအပေါင်း ရေခဲရေကဲ့သို့ အေးမြရွင်လန်း နိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

Monday, August 6, 2007

MDY007 No(2)

ကျွန်တော်တို့ အဖွဲ့ရဲ့ MDY007 ဂျာနယ်လေးကို အခုပဲ ဒီကနေ ရရှိနိုင်ပြီ ဖြစ်ပါတယ်။ အခက်အခဲနည်းနည်း ရှိနေတာက တစ်ကြောင်း ကာယကံရှင်များ ခရီးသွားနေရသည်က တစ်ကြောင်း၊ အကြောင်းကြောင်း ကြောင့် အနည်းငယ် နှောင့်နှေးကျန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရသည်ကို များစွာ ၀မ်းနည်းမိပါတယ်။ အခုပဲ ဒီကနေ အမှတ်(၂) ကလေးကို ဒေါင်းလု လုပ်လိုက်ကြပါစို့ခင်ဗျာ။ “ရယ်မောခြင်းဖြင့် ဘ၀အမောများ ပြေပျောက်နိုင်ကြပါစေ”

Friday, August 3, 2007

အမှတ်(၂)စာမြည်း

တနလာင်္နေ့တွင် ထွက်ရှိလာမည့် MDY007 ဂျာနယ်အမှတ်(၂)တွင် အခန်းကဏ္ဍ ပေါင်းစုံလင်စွာဖြင့် ရေးသား ထုတ်ဝေရန် အစာအငတ်ခံ (ပိုက်ဆံမရှိသဖြင့်)၊ မအိပ်မနေ (မအိပ်ပဲမနေဟု ဆိုလိုခြင်းဖြစ်သည်) ကြိုးပမ်းဆောင် ရွက်လျှက်ရှိရာ MDY007 အား များစွာ မျှော်လင့်နေသော ပရိတ်သတ် ကြီးအတွက် အထူး ၀ထ္ထုတို ကဏ္ဍမှ ၀၀၇ နှင့် ဘလာဂေါ်ဂိုဏ်း အရှုပ်တော်ပုံ ခေါင်းစဉ်ဖြင့် ရေးသားထားသည့် အနက်မှ အချို့အား စာမြည်းသဘောဖြင့် ချပြလိုက်ရပါသည် -
မြန်မာသက္ကရာဇ် ၅၂၈ ခုနှစ် ဘာညာနသီပြည်တွင် ဟက်ဟက်ကွဲမင်း အုပ်စိုးရာကာလ - တစ်နေ၌ ကျွန်ပ် ၀၀၇ ဦးဖမ်းချိုး သည် ကြီးမြတ်လှစွာသော အတွင်းဝန်မင်းနှင့်တကွ ညီလာခံတော် တက်ရောက်ရန် အလို့ငှာ အိပ်ယာမှ စောစီးစွာ နိုးထခဲ့ချေသည်။ လွန်စွာမှ ခန့်ညားလှစွာသော ကျွန်ပ်သည် အတွင်းတော် ၀င်ရမည် ဖြစ်သဖြင့် ကျွန်ပ်၏ ခန့်ညားမှုကြောင့် အခြားသူများ မှေးမှိန်စေခြင်း မရှိစေရန် အနည်းငယ် လျှော့ချ၍ ပြင်ဆင်ကာ အိမ်ရှေ့သို့ ထွက်လာခဲ့ပေသည်။ အိမ်ရှေ့တွင် လွန်စွာမှ တောက်ပြောင်လှပသော ဒိုကြီးပေါ်သို့ ခန့်ခန့်ညားညား လွှားကနဲ ခုန်အတက်တွင် အရပ် အနည်းငယ် ပုသည် ဖြစ်ရကား။ အယူအဆ လွဲသဖြင့် “ဘုန်း”ဟူသော မြည်သံကြီးနှင့်အတူ ခွေးကျ ကျရလေ၏ “ကိန်”။။။

အားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့

Thursday, August 2, 2007

Google Pages ပေါ်တွင် MDY007 အား အားပေးနိုင်ပြီ

ယနေ့ ၂-၈-၂၀၀၇ ရက်နေ့မှ စတင်ပြီး Google Pages ပေါ်တွင် MDY007 ဂျာနယ်အား ဖတ်ရှု အားပေးနိုင်တော့မည် ဖြစ်ပြီး ယခင်ကကဲ့သို့ Acrobat Reader (.pdf) ဖိုင်အား Download ဆွဲရခြင်းမျိုး မဟုတ်တော့ပဲ http://mdy007.googlepages.com/ တွင် တိုက်ရိုက်ဖတ်ရှု အားပေး နိုင်တော့မည် ဖြစ်ပါသည်။ ကိုအောင်ချမ်းလင်း နှင့် ကျန်စစ်ဖုန်းတို့မှ လက်ဖက်ရည် (ဖန်ဆိမ့်) တစ်ခွက်အား နှစ်ယောက်သောက်ကာ တစ်ညလုံး ပြင်ဆင်ခဲ့ကြပါသည်။ ထို့အပြင် ၄င်း Google Pages တွင် Unicode လုံးဝမရှိသူများ အဆင်ပြေရန်အတွက် -Win---innwa Font ဖြင့်ရေးသားထားပါသည်။ မိမိစက်ထဲတွင် အဆင်သင့် -Win---innwa Font ရှိရုံမျှဖြင့် ကြည့်ရှု အားပေးနိုင်တော့မည် ဖြစ်ပါသည်။ Zawgyi font ဖြင့် မရေးသားရခြင်းမှာ Unicode မရှိသူ များ/ ရှိသူများ အားလုံး အဆင်ပြေမည့် နည်းလမ်းဖြစ်သဖြင့် စာဖတ်သူများ အဆင်ပြေမှု ကို ရှေ့ရှုလျှက် (စာရေးသူများမှာ တော့ မြန်မာဖောင့်နှင့် အင်္ဂလိပ်ဖောင့် ကြား ခေါင်းမူးအောင် ပြဿနာတက် ခဲ့ရပါသည်။ ) ရေးသားရခြင်းဖြစ်ပါသည်။ Google Pages ၏ Design မှာ စာရေးသူများ ကိုယ်တိုင် အားရကျေနပ်မှု မရှိခဲ့၍ သည်းခံဖတ်ရှုပါရန် ပြောကြားလိုပါသည်။ MDY007 အား Acrobat Reader ၊ Google Pages ( Win Font) တို့အပြင် Blog (ZawGyi Unicode) ဖြင့် ထပ်မံ ရေးသား သွားဦးမည်ဖြစ်ပါကြောင်း နှင့် ယခု Google Pages အား စာမြည်းသဘောမျိုးဖြင့် ခံစားပေးသွားရန် ရည်ရွယ်ကြောင်း စာဖတ်သူ အပေါင်းအား လေးစား စွာဖြင့် တင်ပြလိုက်ရပါသည်။
MDY007 အား Google Pages ဖြင့် ကြည့်ရှုရန် (ဒီမှာ) နှိပ်ပါ။

Wednesday, August 1, 2007

Web side ပေါ်တင် ကြည့်ရှုနိုင်အောင် စီစဉ်နေပြီ

ကျွန်တော်တို့အဖွဲ့ရဲ့ အပါတ်စဉ်အစည်းအဝေး အမှတ်(၁/၂၀၀၇)အား မြောင်းပုတ်ကြီးဘေးရှိ အကြော်ဆိုင် တစ်ဆိုင်တွင် အကြော်တစ်ပွဲမှာပြီး (၇)ယောက်စား၍ အလကားရသော ရေနွေး ကြမ်းအား (၃)အိုးမှာကာ အစည်းအဝေး ထိုင်ကြရာ ပရိတ်သတ်၏ ဝေဖန်ချက်များ၊ အကြံပြု ချက်များ၊ ထွက်ရှိထားသော ဂျာနယ်အား ပြန်လည် သုံးသပ်ချက်များ၊ တင်ပြဆွေးနွေးကြပြီး အောက်ပါ အချက် များအား ပြုပြင်ပြောင်းလဲရန် အတည်ပြု ဆုံးဖြတ်ချက် ချမှတ်ခဲ့သည် -
(၁) MDY007 အား Web ပေါ်တင် ဖတ်ရှုနိုင်ရေးအတွက် Google Pages တွင် ZawGyi Unicode ဖြင့်ရေးတင်ရန်။ ထွက်ရှိလာမည့် MDY007 အမှတ်(၂)နှင့် အမှီ ၆-၈-၂၀၀၇ အပြီး ဆောင်ရွက်ရန်။
(၂) အမည်များ/ ဓါတ်ပုံများ/ Nick များတိုေ၀၀ါးစွာဖြင့် ဖော်ပြရန်။
(၃) အရေးအသားနှင့် သတင်းများကို (၅)ကြိမ်တိုင်တိုင် ပြန်လည်စိစစ်ရန်။
(၄) အလွန် ရိုင်းပြသော စာလုံးများ၊ အခင်အမင် ပျက်စေမည့် စာလုံးများ မထည့်ရန်။
(၅) တနင်္လာနေ့တိုင်း ထုတ်ဝေနိုင်အောင် စီစဉ်ရန်။ ခင်မင်မှုကို ရှေ့ရှုရန်။
(၆) Download ဆွဲရာတွင် မြန်မာနိုင်ငံနှင့် အဆင်အပြေဆုံး ဖြစ်နိုင်မည့် နည်းလမ်းများ လေ့လာရန်။
(၇) နိုင်ငံရေး၊ ဘာသာတစ်ခုနှင့်တစ်ခု အခင်းဖြစ်စေမည့်အရေး အသားများ၊ ပုဂ္ဂိုလ်ရေး များစွာ ထိခိုက်နစ်နာစေမည့် အရေးအသားများ ရှောင်ကြဉ်ရန်။

ခြေလှမ်းသစ်တို့ရဲ့ ပြင်ဆင်မှု

ကျွန်တော်တို့ ပထမဆုံး MDY007 အတွဲ (၁) အမှတ်(၁)လေး ထုတ်လိုက်တယ်။ Blog ကို မရေးနိုင်သေးခင် ပထမဆုံး Upload လုပ်ပြီးတာနဲ့ သူငယ်ချင်းတွေကို အကြောင်းကြား ခဲ့ပါတယ်။ ကျွန်တော်တို့ ထွက်ရှိလာမယ်ဆိုတာ ကိုလည်း ကြိုတင်ကြော်ငြာခြင်း၊ အခြားတစ်စုံတစ်ဦး သိရှိခြင်းမျိုး လုံးဝမရှိခဲ့ပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က Blogger များကို ပျော်ရွင်စေချင်တာရယ်၊ Blogger တွေကို အရင်ကထက် ပိုမိုပြီး ရန်ကုန်/ မန္တလေးမခွဲဘဲ စည်းစည်းလုံးလုံး ရှိစေချင်တာရယ် ဆန္ဒ(၂)ခု တည်းနဲ့ရေးသားခဲ့တာပါ။ ငွေကြေး တစ်စုံတစ်ရာရသဖြင့် ရေးသားရခြင်းမျိုး မဟုတ်ပါ။ မိမိတို့ နာမည် ကျော်ကြားလိုခြင်းအတွက် ရေးသားရခြင်း မဟုတ်ပါ။ စာဖတ်သူများရဲ့တုန့်ပြန်မှုကတော့ Upload လုပ်ပြီး (၆)နာရီအတွင်းမှာပင် အပေါင်း လက္ခဏာပြခဲ့ပါတယ်။ ၄င်း (၆)နာရီ အတွင်းမှာ e-mail (၁၀)စောင် လက်ခံရရှိခဲ့ပါတယ်။ တစ်ရက်အတွင်းမှာပဲ ဆက်ရေးကြဖို့ တိုက်တွန်းတဲ့ စာများရောက်ရှိလာခဲ့ပါတယ်။ ကျွန်တော်တို့ အတွေ အမှတ်မထင် ၀မ်းသာ ပီတိဖြစ်မိပါတယ်။ ဒါ့ကြောင့် ယနေ့ (၁-၈-၂၀၀၇)ရက်နေ့ မှစပြီး ကျွန်တော်တို့ရဲ့ ဂျာနယ်ကို အောက်ပါအချက်များပါ ပြုပြင်ပြောင်းလဲသွားဖို့ နဲ့ ရည်ရွယ်ခဲ့ပါတယ်။ Blogger ထဲတွင်သာ မက Chat များမှ သတင်းများ၊ အခြားအပြင်လောက ဟာသများ၊ ၀တ္ထုတိုနှင့် ဥာဏ်စမ်း ကဏ္ဍများ ကိုပါ တိုးချဲ့သွားဖို့ ပြင်ဆင် လိုက်ကြပါတယ်။ ကျွန်တော်တို့အပေါ် ဝေဖန်၊ အကြံပေးမှုများ ရေးကြပေးကြသူများ (မည်သူမဆို) အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

စတင်ခြင်း

ဒီဂျာနယ် ပေါက်စီနကွေးလေး စတင်ရခြင်းအကြောင်းရင်းကတော့ ကိုဘလာဂေါက် တို့ရေးတဲ့ Blog Time ကလို့ ပြောရင်မှန်ပါလိမ့်မယ်။ သူတို့ရေးထားတဲ့ စိတ်ကူးကို အရမ်းပဲ သဘောကျ သွားတယ်။ Blog Time မှာ မန္တလေးသတင်း တွေနဲ့ နီးစပ်မှု အနည်းငယ် ကွာဝေးလျှက်ရှိ တာကြောင့် အဲ့ဒီကွက်လပ်လေးကို ဖြည့်ဆည်းပေးရင်း မန္တလေး Blogger တွေ ပျော်ရွင်စေ လိုတဲ့ ရည်ရွယ်ချက်နဲ့တင် စတင်ခဲ့ရခြင်းဖြစ်ပါတယ်။ ဒီ MDY 007 ဖြစ်ပေါ်လာရခြင်းကို ကိုအောင်ချမ်းလင်း ကအစပြုခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အတွေးအခေါ်ကို သူငယ်ချင်းတွေကို စတင်ချပြခဲ့ပါတယ်။ ၄င်း၏ဦးဆောင်မှု ဖြင့် ကျန်စစ်ဖုန်း(နီတိ-ရတနာပုံ)၊ လွင်ကိုလတ်၊ နေပိုင်(ကွန်ပျူတာတက္ကသိုလ်) တို့(၄)ဦးနှင့် အခြား Blogger (၃)ဦးတို့ ပါဝင်လျှက် စတင် ပြင်ဆင် ခဲ့ကြပါတယ်။ Blogger (၇)ဦး ပါဝင်ရေးသားခဲ့သည့် အတွက် ၄င်းဂျာနယ်လေးကို ကျွန်တော်တို့အဖွဲ့က MDY007 လို့အမည်ပေးခဲ့ပါတယ်။ ထွက်ရှိလျှက်ရှိသော ဟာဒယ ဂျာနယ်၊ ရယ်စရာဂျာနယ် စသောာဟာသဂျာနယ်များတွင် ကလောင်အမည်ပေါင်း များစွာ ဖြင့်ရေးသားခဲ့သူ (၃)ဦးပါဝင်ပါတယ်။ ပထမဆုံး ထွက်ရှိမှုလေး ဖြစ်လာဖို့အတွက် အောက်ပါ အတိုင်း အဆင့်(၃)ဆင့် ဖြင့် လုပ်ဆောင်ရာမှာ အောင်ချမ်းလင်း၊ လွင်ကိုလတ်၊ ကျန်စစ်ဖုန်း တို့(၃)ဦး (၃)ရက်တိတိ မိုးအလင်း ပြင်ဆင်ခဲ့ကြပါတယ် -
(၁) အီးမေးလ်များမှ သတင်းများစုခြင်းနှင့် Blog များဖတ်ခြင်း။
(၂) စာကြမ်းရေးသားခြင်း၊ ပြုပြင်စစ်ဆေးခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း။
(၃) Upload လုပ်ခြင်းနှင့် Blog ရေးသားခြင်း။

Monday, July 30, 2007

မိတ်ဆက်

အခုကျွန်တော်တို့ ရေးတင်ထားတဲ့ ဒီ MDY007 အစီအစဉ်လေးဟာ အားလုံကို ပျော်ရွင် စေရုံ သက်သက်လေးပါ ခင်ဗျာ။ မည်သူ့ကို နစ်နာစေ၊ သာစေ၊ နာစေ ဆိုတဲ့ ဆန္ဒတစ်စုံတစ်ရာ မပါ ရှိပါဘူး ခင်ဗျာ။ တကယ်လို့များ ထိခိုက်နစ်နာမှုများ ရှိခဲ့ရင် ဒီနေရာကနေပဲ ရိုကျိုးစွာနဲ့ တောင်းပန်အပ်ပါတယ်။ အများစု နားလည်ခွင့်လွတ်နိုင်မယ်လို့ ယူဆပါတယ်ခင်ဗျာ။ ကျွန်တော်တို့ကို ဆက်သွယ် သတင်းပေးခြင်း၊ ကြော်ငြာထည့်ခြင်း၊ ကဗျာ၊ ဟာသ၀တ္ထုတို များ ပေးပို့ခြင်း၊ ဝေဖန် အကြံပြုချက်များ ရှိက ဒီ Blog မှာတင် ရေးသားသွားနိုင်ပါတယ်။ Cboxကြီး ကိုလည်း ဆိုဒ်ကြီးထားပေးပါတယ်။ အော်ချင်ရာအော်နိုင်အောင်လို့ပါ။ ကျွန်တော်တို့ရဲ့ စာစောင်လေးကို ဖတ်ရလို့ တစ်ချက်လေးပြုံးရတယ် ဆိုရုံနဲ့တင် ကျွန်တော်တို့ စိတ်ထဲမှာ အရမ်းပဲ ကြည်နူးဝမ်းသာလှပါတယ်။ ကျွန်တော်တို့ ရင်ထဲမှာတော့ Blogger အပေါင်းကို အမှန်တကယ် လေးစားပါတယ်။